gg

ရန်ကုန်မြို့မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွါးရေး

အဖွဲ့ချုပ်ကြီး၏ ကမ္မဋ္ဌာနာစရိယ ဆရာတော်၊

မိုးကုတ်မြို့ ကုန်းမြင့်သာယာရပ် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်

ဦးစီးပဓာန နယက ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိကဆရာတော်၊

ဘဒ္ဒန္တသုနန္ဒ အရှင်သူမြတ်၏ ထေရုပ္ပတ္တိအကျဉ်း 

 

~ ဆရာတော် အရှင်သုနန္ဒ လောင်းလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတော  ကျေးရွာ၌ ၁၃၂၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၆)ရက်နေ့၊ သောကြာနေ့တွင် ခမည်းတော်   ဦးအောင်ကျော်၊ မယ်တော် ဒေါ်မြသောင်း တို့မှဖွါးမြင်ခဲ့ပါသည်။

 

~ ဆရာတော်သည် အသက်(၁၄)နှစ်အရွယ်တွင် နောင်ချိုမြို့ သာသနာ့ ရောင်ခြည်  ကျောင်းတိုက် ဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္ဈယ်ပြု၍ သာသနာ့ဘောင် သို့ဝင် ရောက်ခဲ့ ပါသည်။ ထို့နောက် ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တ ပညာဝံသ (သာသနာ့ဓဇ သိရီပ၀ရ ဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ဘုရားကြီးကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။

 

~ ဆရာတော်သည် အခြေခံပရိယတ္တိစာပေများကို အသက်(၁၄)နှစ် ရှင်သာမဏေဘ၀မှ စ၍ အသက်(၂၅)နှစ် ရဟန်းဘ၀ထိ သင်ယူခဲ့ရာ အစိုးရ အဘိဓမ္မာ ပ.ဒု.တ အဆင့်များ၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲများတွင် မူလတန်း အငယ်တန်း၊ ပထမလတ်တန်း နှင့် ပထမကြီးတန်း တို့ကိုအောင်မြင်ခဲ့ပါသည်။

 

~ ထို့နောက် သက်တော်(၂၆)မှ (၂၇)နှစ်အရွယ်တွင် မျက်လုံးကျန်းမာရေး အခြေအနေအရ ပရိယတ္တိ ကိုရပ်နား၍ ပဋိပတ္တိ နယ်သို့ ကူးပြောင်းကာ အမရပူရမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ (သံဝေဇနိယဌာန) ဆရာတော် ဦးကုမာရ နှင့် ဆရာတော် ဦးဓမ္မသာရ (ဆင်ဖြူကျွန်း) ဆရာတော်ဘုရားတို့၏ အနီးကပ်စောင့်ရှောက်မှုကိုခံယူပြီး ပဋိပတ္တိ အလုပ်ကို စဉ်ဆက်မပြတ် ပွါးများအားထုတ် ခဲ့ပါသည်။ ထိုမှတစ်ဖန် ပဲခူးတိုင်း ရေတာရှည်မြို့နယ် မှန်ပြတောင်တောရ သို့ကြွရောက်ပြီး မှန်ပြတောင်တောရ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တသံဝရ အရှင်သူမြတ်၏ အနီးကပ် ကြီးကြပ် မှုဖြင့် မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဥပနိသျအတိုင်း တစ်နှစ်ခွဲတိတိ တောရဆောက်တည်၍ ဆက်လက်ပွါးများ အားထုတ် ခဲ့ပါသည်။

 

~ ထို့နောက် သက်တော်(၂၇)မှ (၂၈)နှစ်အရွယ်တွင် အမရပူရမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ (သံဝေဇနိယဌာန) သို့ပြန်ကြွပြီး ဆရာတော် ဦးကုမာရ(နယ်လှည့်ဓမ္မကထိက) နှင့်အတူ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဥပနိသျအတိုင်း စတင်သာသနာပြုဟောပြောပို့ချခဲ့ပါသည်။

 

~ ထို့နောက် သက်တော်(၂၈)နှစ်အရွယ် ၁၉၉၃ ခုနှစ်တွင် မိုးကုတ်မြို့ ကုန်းမြင့်သာယာရပ် ဓမ္မရံသီ မိုးကုတ်ဝိပဿနာ ရိပ်သာကို စတင်တည်ထောင် ဖွင့်လှစ်ကာ နှစ်စဉ် (၁၀)ရက် တရားစခန်း(၁၀) ကြိမ်ဖွင့်နိုင်ခဲ့ပြီး တစ်ကြိမ်လျှင် ယောဂီ (၂၅၀) ကိုလက်ခံနိုင်ခဲ့ပါသည်။

 

~ ဆရာတော်သည် မိုးကုတ်မြို့တွင်သာမက မန္တလေး၊ မုံရွာ၊ ကျောက်မဲ စသောမြို့ကြီးများ တွင်ရိပ်သာခွဲများတည်ထောင်၍၎င်း၊ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားသို့ သွားရောက်၍ ၎င်း၊ ပရိသတ်ထောင်ပေါင်းများစွာတို့အား တရားဟော၊ တရားပြကာ ပရိယတ်-ပဋိပတ် သာသနာတာဝန်နှစ်ဖြာ ကိုကြိုးစားထမ်းဆောင်လျက် ရှိပါသည်။ ထိုမျှမက ပြည်ပနိုင်ငံများဖြစ်သော ယိုးဒယား၊ စင်္ကာပူ၊ သြစတြေးလျ နှင့် အမေရိကန်နိုင်ငံ များသို့လည်း ကြွရောက်၍ မိုးကုတ်ဆရာတော်ကြီး၏ ဥပနိသျအတိုင်း ဟောပြောပြသကာ သာသနာအကျိုး၊ ဘာသာအကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက် လျက်ရှိပါသည်။